CHANNEL MANDALAY
Buy VIP
Backdrop
Poster

Marsupilami

2026 6.3 Animation

Review / Storyline

Marsupilami (2026) ဟာ ငယ်ငယ်က Channel 7 နဲ့ MRTV-4 တို့မှာ ကြည့်ခဲ့ရတဲ့ အဝါရောင် အစက်အပြောက်နဲ့ အမြီးရှည်ရှည် သတ္တဝါလေး Marsupilami (မာဆူပီလာမီ) ရဲ့ Live-Action (လူသရုပ်ဆောင်) ရုပ်ရှင်အသစ်ကြီး ဖြစ်ပါတယ်။ ပြင်သစ်ဟာသလူရွှင်တော် အဖွဲ့ဖြစ်တဲ့ "La Bande à Fifi" ရဲ့ ခေါင်းဆောင် **Philippe Lacheau** က ဒါရိုက်တာအဖြစ် ရိုက်ကူးပြီး ကိုယ်တိုင်လည်း ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ထားတာမို့ တကယ့်ကို တစ်ခန်းရပ် ဟာသတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရမယ့် မိသားစုကြည့် Adventure-Comedy ကားကောင်းလေးတစ်ခု ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ David (သရုပ်ဆောင် Philippe Lacheau) ဆိုတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့အလုပ်မပြုတ်ဖို့အတွက် တောင်အမေရိကကနေ လျှို့ဝှက်ဆန်းကြယ်တဲ့ ပါဆယ်ထုတ်အထုပ်ကြီးတစ်ခုကို သယ်ဆောင်လာပေးရမယ့် အန္တရာယ်များတဲ့ အစီအစဉ်တစ်ခုကို လက်ခံလိုက်ရာကနေ စတင်ပါတယ်။

David ဟာ အဲ့ဒီအထုပ်ကို သယ်ဖို့အတွက် သူ့ရဲ့ Ex-ရည်းစားဖြစ်သူ Tess၊ သူ့သားလေး Léo နဲ့ အူကြောင်ကြောင်နိုင်ပြီး ဖျာတောကူတဲ့ လုပ်ဖော်ကိုင်ဖက် Stéphane တို့ပါဝင်တဲ့ ပင်လယ်ကူးဇိမ်ခံသင်္ဘော (Croisières) ခရီးစဉ်ကြီးပေါ် ရောက်ရှိသွားပါတယ်။ အစီအစဉ်တွေအားလုံးဟာ အဆင်ပြေပြေဖြစ်မလို ရှိနေချိန်မှာ... အူကြောင်ကြောင် Stéphane တစ်ယောက် အဲ့ဒီလျှို့ဝှက်ပါဆယ်ထုတ်ကြီးကို မတော်တဆ ဖွင့်မိလိုက်တဲ့အခါမှာတော့ အတွင်းထဲကနေ ချစ်စရာကောင်းလွန်းတဲ့ **"Baby Marsupilami" (မာဆူပီလာမီ အကောင်ပေါက်လေး)** ထွက်လာပါတော့တယ်။

ဒီလိုနဲ့ တောရိုင်းတိရစ္ဆာန် မုဆိုးတွေ၊ အကောက်ခွန်အရာရှိတွေရဲ့ ရန်ကနေ ဒီသတ္တဝါလေးကို ကာကွယ်ရင်း၊ တစ်ဖက်ကလည်း သင်္ဘောပေါ်မှာ အထုပ်အပိုးတွေ မရိပ်မိအောင် ဖုံးဖိရင်းနဲ့ ခရီးစဉ်တစ်ခုလုံး ဘာတွေဖြစ်မလဲ၊ ဘယ်လိုတွေ ဗြာများပြီး ဟာသတလွဲတွေ ကြုံရမလဲဆိုတာကို ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

အရင် ၂၀၁၂ တုန်းက ထွက်ခဲ့တဲ့ *Sur la piste du Marsupilami* ထဲက "Pablito Camaron" အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jamel Debbouze ကပဲ ဒီ ၂၀၂၆ ကားမှာလည်း အဲ့ဒီဇာတ်ကောင်နေရာကနေ ပြန်လည်ပါဝင်အားဖြည့်ထားပါတယ်။

ပြင်သစ်မှာ *Alibi.com* တို့ *Babysitting* တို့လို ဟာသကားတွေနဲ့ နာမည်ကြီးတဲ့ ရုပ်ရှင်အဖွဲ့သားတွေ ဖန်တီးထားတာမို့ standard ပြင်သစ်ဟာသတွေအပြင် Pop Culture Reference တွေ၊ Visual Gags တွေ အပြည့်ပါဝင်ပါတယ်။

ပြင်သစ်မှာ ရုံတင်ပြီး ရက်ပိုင်းအတွင်း လက်မှတ်စောင်ရေ ၆ သန်းကျော်ရောင်းချရတဲ့အထိ မိသားစုလိုက် ကြည့်ရှုနှုန်း အလွန်မြင့်မားခဲ့တဲ့ ဝင်ငွေကောင်း ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။